Wednesday, July 1, 2009

ပြီးခဲ့တဲ့ မြန်မာပြည်ခရီးစဉ် ( 2 )

အဲဒီလိုနဲ့ နောက်နေ့မနက်စောစောထတော့ မိုးတွေအရမ်းရွာနေတယ် ။ အဖေက
လမ်း ၄၀ ထဲက လဘ္ဘက်ရည်ဆိုင် တဆိုင်မှာ (အစားချည်းပဲ ငမ်းနေတော့ ဆိုင်နာမည်တောင်မေ့သွားပြီ) :D မနက်စာသွားစားမယ်ဆိုလို့ မိသားစုလိုက် ကားနဲ့ထွက်လာတာ ကျနော့်စိတ်ထဲ စင်္ကာပူနဲ့မလေးရှား
သွားတဲ့ ကူးတို့သင်္ဘောပေါ်ရောက်နေသလားလို့ထင်လိုက်တယ် ။ ဘာလို့လဲဆိုတော့အနော်ရထာ
လမ်းတလျှောက် City Mart နားလောက်ကနေ အောင်ဇေဆေးခန်း နားလောက်ထိကို လမ်းပေါ်မှာ
ရေလျှံတာ ကားမြုပ်ပါတယ် ။ အဖေလဲသူ့ကားထဲရေ၀င်မှာစိုးတော့ ဖုတ်လှိုက်ဖုတ်လှိုက်လေးမောင်း
လာတာနောက်ဆုံးဆိုင်ရှေ့ရောက်မှပဲ မိသားစုတွေ သက်ပြင်းချနိုင်ပါတယ် ။ ဒီလိုနဲ့ ကားကို ရေမတက်နိုင်
မဲ့ လမ်းပုခုံးမှာ ရပ်လိုက်တယ် ။ အဲဒီမှာ အကြော်ဖိုနဲ့ နံပြားဖိုက စမူဆာနံ့နဲ့ နံပြားနံ့ရတာနဲ့ ၀မ်းသာအားရ
တံခါးဖွင့်ပြီး အောက်ဆင်းလိုက်တာ " စွပ် စွပ်" လို့ပဲ အသံကြားလိုက်တယ် စင်္ကာပူက ၆ကျပ်ခွဲနဲ့ဝယ်လာတဲ့
သရေဖိနပ်လေး ရေမျောသွားတယ် ။ အကျိုးနဲ စီးလိုက်တဲ့ရေဗျာ ။ အဲဒါနဲ့ပဲ လက်ကထီးတဖက် ရေထဲလိုက်ပြီး
ဖိနပ်တဘက်ကို ကုန်းပြီးဆယ်ရတာ တဘက်နဲ့ ဆိုင်ထဲရောက်တော့ ကျနော့်တကိုယ်လုံးရွှဲရွှဲစိုတော့တာပါပဲ ။

ဆိုင်ကလေးကတော်တော်စုံပါတယ် ။ မြန်မာမုန့်မျိုးစုံကစပြီး တရုတ်အစားအစာ ဆီချက်အလယ် ကုလားပူတီ
အထိရပါတယ် ။ ကျနော်တို့ မြန်မာဆိုတာလဲ အစားမှန်သမျှ ဟဲတတ်တာ ဆိုတော့ဆိုင်ကလေးက အပြင်အနေ
နဲ့ကြည့်ရင် တော့တော်တော်လေးပြည့်စုံပါတယ် ။ ဒီမှာ Laksa စားပြီး အန်ချင်စိတ်ပေါက်နေတဲ့ ကျနော်
ခွဲခွာနေရတာကြာပြီ ဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲ တပွဲအရင်မှာလိုက်ပါတယ် ။ဒါတောင်နောက်ဟာတွေဆက်မှာ
မလို့ဟာ အဖေ အမေနဲ့ အမ က၀ိုင်းပြီး တခုပြီးမှတခုမှာဆိုလို့ ငြိမ်နေလိုက်တာ..။ ခဏကြာတော့ စားပွဲထိုး
ကောင်လေး လာချပေးတဲ့အုန်းနို့ခေါက်ဆွဲ ပန်းကန်လေး ကျနော့်ရှေ့ရောက်လာတော့ ကွဲကွာနေတာ
၎နှစ်ခွဲရှိပြီ ဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲပန်းကန်လေးကို ချစ်သူမျက်နှာလေးလို တစိမ့်စိမ့်ကြည့်နေမိတယ်။
ပြီးတော့ မစားခင်မှာလဲ နောင်ကို စင်္ကာပူမှာ အလွမ်းပြေတသသ ကြည့်ရအောင်လို့ပါတဲ့ဖုန်းကိုထုတ်ပြီး
ဓါတ်ပုံရိုက်ယူမိတယ် ။ စင်္ကာပူမှ မိတ်ဆွေများလဲ အိမ်မှာ ကြက်ဥကြော်နဲ့စားရင်း မျက်ရည်တောက်တောက်ကျအောင်ဓါတ်ပုံလေးကို ရှဲလိုက်ပါတယ်။ :D

powered by (futureofmay13)

နောက်တော့ တဇွန်းစားကြည့်လိုက်တော့ အရသာတော်တော်ကောင်းတာကိုတော့သတိထားမိလိုက်တယ်
တပန်းကန်က ဘယ်လိုကုန်သွားမှန်းမသိလိုက်ပါဘူး ။ ပြီးတော့ဘာစားရင်ကောင်းမလဲလို့ မနု(Menu)
တောင်းကြည့်တော့ အကုန်လုံးသာ ဗိုက်ထဲမောင်းသွင်းလိုက်ချင်တော့တယ် ။ ဒါပေမဲ့ ဗိုက်ကလဲ အကျင့်
မကောင်းပဲ နဲနဲတင်းသွားတော့ နောက်ကျနော့်အကြိုက်တခုဖြစ်တဲ့ ကော်ပြန့်စိမ်းပေါင်း (အဖြူရောင်) ကို
မှာလိုက်တယ် ။ နောက် လဘ္ဘက်ရည်ကျစိမ့်လေးတခွက် နဲ့ပဲနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့မှာလိုက်တယ်။
နောက်စားပွဲပေါ်မှာ တင်ထားတဲ့ မုန့်တွေလျှောက်ကြည့်ရင်း စိတ်ဝင်စားစရာတခုတွေ့လို့ ဓါတ်ပုံရိုက်လိုက်
ပါတယ် ။ ကြက်သားလုံးကြော်တဲ့..လုပ်ထားတဲ့အမြင်လေးက ဆန်းလို့ပါ ။ အောက်မှာဖေါ်ပြထားပါတယ် ။


powered by (futureofmay13)

မှာထားတဲ့ကော်ပြန့်ပေါင်းလေးရောက်လာတော့လဲ "နေ့လရက်တွေ ကြာခဲ့ပြီမောင်ရေ" လို့သီချင်းလေး
ညည်းပြီး မတွေ့ရတာကြာပြီဖြစ်တဲ့ကော်ပြန့်ပေါင်းကို ကြိုဆိုလိုက်တယ် ။


powered by (futureofmay13)

မစားရတာပဲကြာလို့လား အရသာပဲကောင်းနေလို့လားမသိဘူး ။ ဒီနေ့ဗိုက်ထဲဝင်သွားသမျှ
အားလုံးကောင်းနေတာချည်းပါပဲ ။

အားလုံးစားပြီးတဲ့ သကာလမှာတော့ကျနော်တယောက် စင်္ကာပူက စားသောက်ဆိုင်တွေမှာမရှိတဲ့ ပင်နီဆူးလားနဲ့ဘွန်လေးက ဦးဦးဒေါ်ဒေါ်ရိတ်ကြီးတို့ ဆိုင်မှာ တခွက်ကို ၁ ကျပ်ပေးသောက်ရတဲ့ ရေနွေးကြမ်းကို ကျနော်တယောက် ဆိုင်ရှင်ခေါင်းကုတ်လောက်အောင်ကို သောက်နေမိတယ် ။

အတိုချုံးပြီးပြောရရင် ဆိုင်လေးက မနက်စောစောလဘ္ဘက်ရည်ဆိုင်လေးရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံအောင်ကို
အစားအသောက် အားလုံးစိတ်တိုင်းကျပါတယ် ။

ဆိုင်လေးကထွက်လာတော့ မြို့ထဲမှာရှိတဲ့ အဒေါ်အိမ်မှာ နိုင်ဂံခြားပျံ (အရက်ပျံမဟုတ်ပါ) ကြီး :D
ကျနော်နဲ့ကျနော့်အမအတွက်ဆိုပြီး အဒေါ်က ဆိတ်သားဟင်းရှယ်ချက်ပေးထားတယ်ဆိုလို့ နေ့ခင်းဘက်အဒေါ်အိမ်မှာစတည်းချဖို့ ကျနော်တို့ထွက်လာခဲ့ပါတယ်...။

မိသားစု ၄ ယောက်စားတာ ၃၆၀၀ ကျော်ကျော်ပဲကျတဲ့မြန်မာအစားအစာ ဘရိတ်ဖတ်စားပြီးသကာလမှာ
လူ ၂ယောက်စားရင် ၇x၈၀၀= ၅၆၀၀ ကျော်ကျော်ကျတဲ့စင်္ကာပူရဲ့ဘရိတ်ဖတ်ကို ခေါင်းထဲကနေ မောင်းထုတ်လိုက်ပါတော့တယ်.....။

Tuesday, June 30, 2009

ပြီးခဲ့တဲ့ မြန်မာပြည်ခရီးစဉ် ( ၁ )

ကျနော်ပြီးခဲ့တဲ့လဆန်းက မြန်မာပြည်တခေါက်အလည်အပတ်ပြန်ခဲ့ပါတယ် ။ ကျောင်းစတက်ကတဲက
ပြန်မရောက်ဖြစ်တာ ခုဆို ၄ နှစ်ကျော်ပြီပေါ့ ။ လွန်ခဲ့တဲ့၎ နှစ်က မြန်မာပြည်က ကျနော့်ကို သူစိမ်းတယောက်
လိုကြိုဆိုပါတယ် ။ ကျနော်ရှိနေတဲ့ အချိန်တုန်းကတော့ရန်ကုန်မြို့မှာ အင်တာနက်ဆိုတာ ဒဂုံစင်တာနဲ့
MICT လောက်မှာပဲ ရှိတာပါ ။ ခုတော့ အိမ်အောက်ဆင်းလိုက်တာနဲ့ သတိထားရတယ် ။ အင်တာနက်ကို
တက်နင်းမိမှာစိုးလို့ ။ တလမ်းတဆိုင် နှုန်းနဲ့တွက်ရင်တောင် တော်တော်လေးများနေပါပြီ ။ တချို့လမ်းတွေ
ဆို တလမ်းလုံးမီးစက်သံတွေနဲ့ ဆူညံပြီးကို အပြိုင်ဖွင့်နေကြတာပါ ။ တိုးတက်မှုရဲ့ ပြယုဂ်ပေါ့.. :D

နောက်ပြီး ကျနော့်ကိုကြီးကျယ်တယ်လို့ပဲပြောပြော ဒီမှာ ပလတ်စတစ် ပိုက်ဆံအရွက်ကလေးတွေ
ကိုင်နေရတဲ့ကျနော် လေဆိပ်ကဆင်းဆင်းချင်း အမေတို့ခေါ်သွားတဲ့ ထမင်းဆိုင်ရှေ့ကကွမ်းယာဆိုင်မှာ
ဆေးလိပ်ဝယ်အပြီး ပြန်အမ်းလိုက်တဲ့ ၂၀၀ တန် ကိုကျနော်ပြန်ယူဖို့ လက်တွန့်နေခဲ့မိတယ် ။ ဇာတ်လမ်း
စတာကတော့ စူပါဝမ်းမှာပါ ၊ နောက်နေ့ ညီမ၀မ်းကွဲလေးနဲ့ စူပါဝမ်းမှာဈေးထွက်ဝယ်တော့ ပြန်အမ်းလိုက်
တဲ့ ၅၀၀ တန် နဲ့ ၂၀၀ တန် အဲဒီနောက်မှာ ကော်ဖီမစ်ထုပ်တွေ သကြားလုံးတွေကို ကျနော်ရုတ်တရက်ကြောင်
ပြီးကြည့်နေမိတယ် ။ ၅၀၀ တန် ရဲ့ အရောင်ဟာ မဲတာထက် ညစ်တာဆိုပိုမှန်ပါလိမ့်မယ် ပြီးတော့ မျက်နှာပြင်
ပေါ်မှာလဲ Cross ပုံစံတိတ်ကပ်ထားတယ် ။ ထားတော့ ၂၀၀ တန် သူကတော့အစိတ်အစိတ်အမွှာမွှာနဲ့
အသက်ဆက်နေရတယ် ။ 200 ဆိုတဲ့ စာလုံးကိုမြင်လို့သာ ၂၀၀ တန်လို့ ဘုရားစူးပြီးပြောဝံ့တာ ။ ပြီးတော့
ပြန်အမ်းစရာမရှိလို့ ဆိုတဲ့ ကော်ဖီမစ်တွေ သကြားလုံးတွေရဲ့ တန်ဖိုးကရော ဘယ်လောက်လဲ ကျနော်
မသိတော့ဘူး ။ ညီမလေးရဲ့ အကြွေတွေရှားကုန်ပြီ ကိုကြီးရဲ့ ဆိုတဲ့ စကားရဲ့နောက်မှာ လွန်ခဲ့တဲ့ ၄ နှစ်က
ကျနော်ကိုင်ခဲ့ဘူးတဲ့ ၅၀၀ တန် ၂၀၀ တန်လေးတွေကိုမြင်ယောင်မိတယ် ။

ဒီလိုနဲ့ ညနေစောင်းတော့ ချစ်သူအလုပ်လုပ်နေတဲ့ လမ်းကိုသွားတယ် ။ လမ်းကကြမ်းလို့လား ခြေဖ၀ါးပဲ
အကျင့်ပျက်သွားလို့လားမသိဘူး ။ ရှုးဖိနပ်နဲ့ သွားရင်းနဲ့ အိမ်ပေါ်ပြန်တက်ပြီး ညှပ်ဖိနပ်ကိုပြန်စီးရတယ် ။
ပလက်ဖောင်းပေါ်မှာ ပက်လက်တွေ ဇောက်ထိုးတွေဖြစ်နေတဲ့ကျောက်ပြားတွေပေါ်မှာပဲ ရေလွှာလျှောစီး
သလို နိမ့်လိုက်မြင့်လိုက်နဲ့ သွားနေရင် အပင်တွေနဲ့ ကွယ်နေပြီးဘယ်လိုမှဆက်လျှောက်လို့မရတော့
တဲ့ ပလက်ဖောင်းပေါ်ကနေ ကားလမ်းမပေါ်အရဲစွန့်ပြီးဆင်းလျှောက်ရတယ် ။ မကြာပါဘူး မြန်မာနိုင်ငံသား
ကျနော်လဲ ကြာတော့ အကျင့်ပြန်ရလာပြီး ဒီဘ၀လေးကိုပြန်တိုးဝင်ကြည့်လိုက်တယ် ။ ကားသံ လူသံ
တွေနဲ့ ဆူညံနေတဲ့ ရန်ကုန်မြို့ရဲ့ အလှတရားမှာ ကျနော်လဲ နစ်မျောပါသွားလိုက်တာ ချစ်သူက သူ့ရုံးရှေ့
မှာထွက်စောင့်နေမှပဲ ကျနော် ပြန်သတိရလို့ကြည့်လိုက်တော့ သူ့ရုံးရှေ့ရောက်နေပြီ ။ သူကတယောက်
ထဲ ရှိနေတဲ့ အချိန်ဆိုတော့ သူ့ရုံးထဲဝင်ထိုင်ပြီးကာစမှာ ကျနော်သတိထားမိလိုက်တာက ကျနော့်တကိုယ်
လုံးချွေးတွေပြိုက်ပြိုက်ကျလာတာပဲ မီးမလာလို့ မှောင်ထဲမှာငုတ်တုတ်ထိုင်နေတဲ့ ချစ်သူကို ချက်ခြင်းပဲ
ပပ၀တီဖြစ်လိုက်စေချင်တော့တယ် ။ သူရုံးဆင်းတဲ့ အချိန်ထိစောင့်ပြီး သူ့ကိုကားဂိတ်လိုက်ပို့တဲ့
လမ်းမှာလဲ ၂ယောက်သား သူ့လက်ကိုဆွဲပြီး ကားလမ်းပေါ်ကလျှောက်လာရင်း ပလက်ဖောင်းကိုလွမ်းငွေ့
ဝေတဲ့ မျက်လုံးနဲ့ ကြည့်မိလိုက်သေးတယ် ။ ပလက်ဖောင်းက ဘယ်လိုမှ လျှောက်လို့မရအောင် တချို့နေရာ
မှာ အင်္ဂတေ ကွာ တချို့နေရာမှာ ချိုင့်ဖြစ် တချို့နေရာကျတော့လဲ ခြေချစရာမရှိအောင် ခင်းထားတဲ့
လမ်းဘေးဈေးသည်တွေရဲ့ ဗန်းမျိုးစုံလင် ရှုခင်းတခွင်ကိုသာ ငေးပြီးလျှောက်ရင်တော့ သတိကောင်းတဲ့
ကျနော် တက်နင်းမိပြီး ပါသွားသမျှ ပိုက်ဆံ လျော်ပြီး ပြန်လာရမှာ ။ :D

ဒီလိုနဲ့ပဲ သူ့ကို ကားပေါ်တင်ပေးလိုက်ပြီး ပြန်လာတဲ့လမ်းမှာ တွေးလာမိတာတော့ ကျနော်တယောက်
ရန်ကုန်မြို့ရဲ့ရေစီးကြောင်းထဲတဖြေးဖြေး စီဆင်းမျောပါလာနေတာကိုပါပဲ ။ ညဘက်ရောက်တော့
မီးမလာသေးတာနဲ့ အိမ်ရှေ့ လသာဆောင်မှာ ထွက်ပြီး ယပ်တောင်တချောင်း ခြင်ဆေးခွေ တခု
လက်ဖက်တပန်းကန် နဲ့ ရေနွေးကြမ်းတအိုးနဲ့ ဇိမ်ကျနေတဲ့ ကျနော် ရန်ကုန်မြို့ရဲ့နောက်နေ့တွေကို
ဖြတ်ကျော်ဖို့ အင်အားတွေရှိနေပြီလေ......


တောင်းပန်ခြင်း

ဒီဘလော့လေးကိုမနေ့ညကမှ စပြီးလုပ်ဖြစ်တာဆိုတော့ အိမ်၁လုံးဆောက်သလိုပဲ လိုတာလေးတပ်လိုက်
မလိုတာလေးဖြုတ်လိုက်နဲ့ပဲ စပြီးလည်ပတ်ခဲ့တာ ။ ဒီကြားထဲမှာလာရောက်လည်ပတ်ပေးကြတဲ့ သူငယ်ချင်း
မိတ်ဆွေညီအကိုမောင်နှမများကိုလဲ ကျနော်နှင့်ကျနော့်ချစ်သူမှ အထူးပဲကျေးဇူးဥပကာရ တင်ရှိပါတယ်။

အမြဲတမ်းလဲ အခင်မင်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါရစေလို့ ဆုတောင်းပါတယ်။ ဒီအတောအတွင်းလာရောက်
လည်ပတ်ကြတဲ့ သူငယ်ချင်းများအနေနဲ့ အဆင်မပြေမှုများနဲ့ ကြုံတွေ့ခဲ့ရရင်လဲ သည်းခံပေးကြပါလို့
အနှုးအညွတ်တောင်းပန်ပါတယ် ။ ဘလော့ကိုကျွမ်းကျွမ်းကျင်ကျင် ကြီးမလုပ်တတ်တော့ ဟိုဘလော့
ဒီဘလော့မှာရေးထားတာလေးလုပ်ကြည့်လိုက် နည်းပညာဖြန့်ဝေပေးတဲ့ဘလော့များမှာဝင်ဖတ်လိုက်နဲ့
စမ်းတ၀ါးဝါးလုပ်နေရတာပါ ။

အားလုံးကိုခင်မင်လျှက်.....
မေ ၁၃ ရဲ့အားမာန်


Monday, June 29, 2009

တွဲလက်များဖြင့်

" မိုးရွာထဲ ထီးတချောင်းနဲ့ အမိုးအောက်ကိုခိုဝင်ခဲ့ဘူးတယ် တွဲလက်တွေနဲ့"
" ယုဇနပလာဇာထဲဈေးသည်တွေကြား အတူလျှောက်ခဲ့ဘူးတယ် တွဲလက်တွေနဲ့ "
" လောကဓံရဲ့ ရိုက်ပုတ်မှုကို ၂ယောက်တူတူတွန်းလှန်ခဲ့ဘူးတယ် တွဲလက်တွေနဲ့"
" ကန်ဘောင်မှာ ၂ယောက်တူတူလျှောက်ခဲ့ဘူးတယ် တွဲလက်တွေနဲ့"

" တွဲလက်တွေရဲ့ခွန်အား သစ္စာတရားရဲ့ ချိုမြိန်မှုကို တို့အတူနားလည်ခဲ့ကြတယ် "
" တွဲလက်တွေရဲ့ လမ်းပြမှုကြောင့် တို့၂ယောက်ဘ၀လမ်းမှာအလင်းရောင်တွေရခဲ့ကြတယ် "
" တွဲလက်တွေရဲ့ ခိုင်မာမှုနဲ့တို့၂ယောက်ကြား သံသယတွေဝေးခဲ့ကြတယ် "

" ချစ်သူရယ်..ခိုင်မာမှုတွေနဲ့တည်ဆောက်ထားတဲ့ တွဲလက်တွေနဲ့"
" တို့၂ယောက်တူတူ သာယာတဲ့ဘ၀လမ်းကို ပန်းတိုင်တခုအနေနဲ့ ရွေးချယ်ခဲ့တယ်"
" ဆူးခင်းလမ်းရော ပန်းမွေ့ရာရော ရှိပါလိမ့်မယ် "
" ဖြောင့်ဖြူးခြင်းမရှိတဲ့ လမ်းတွေကြားမှာ တွဲလက်များနဲ့ ခွန်အားဖြစ်စေတယ် "

" တွဲလက်တွေရဲ့ စွမ်းအားကြောင့်မင်းနဲကိုယ်ရဲ့ဘ၀လမ်း မြင်နေရပြီ "
" ဟိုးရှေ့မှာ...သာယာတဲ့နေမင်း ရှင်းသန့်တဲ့လေပြည်လေညှင်းတွေနဲ့"
" ကိုယ်တို့ဘ၀ပန်းတိုင်လေး မြင်နေရပြီ "
" ထ...သွားကြစို့ ချစ်သူ "



လတ်တလောရေပန်းစားနေတဲ့သီချင်းလေး

ဒီနေ့ ချစ်သူနဲ့ Gtalk ပြောရင်း သူပို့ထားတာကြာပြီဆိုတဲ့ သီချင်းလေးတပုဒ်
နားထောင်ဖြစ်တယ် ။ အမှန်အတိုင်းပြောရရင် သူက ရင်ခုန်သံ FM ဆိုတဲ့
Share File ကနေပို့ထားတာ ကြာပြီ ။ ကျနော်ကလဲ Tagged လိုမျိုးဖြစ်မှာစိုးလို့
မ၀င်ကြည့်မိဘူး ။ ကံကောင်းလို့ပြသာနာမတက်တယ် ။ သူပြောမှခပ်မြန်မြန်
ဝင်ကြည့်လိုက်တော့ ခုတလောနေရာတော်တော်များများမှာကြားနေရတဲ့
ဝိုင်းစုခိုင်သိန်းဆိုထားတဲ့ လမ်းဆုံဆိုတဲ့ စီးရီးထဲက "အပြစ်မမြင်" ဆိုတဲ့
သီချင်းလေးပါ ။ မိန်းကလေးတော်တော်များများကလဲ ဒီသီချင်းလေးကို
ကြိုက်ကြပါတယ် ။ ချစ်သူကတော့ ရှင်တို့ယောက်င်္ကျားတွေ အတွက်ဆိုထားတာတဲ့

ဒီနေရာမှာ မိန်းမယောက်င်္ကျားဆိုတာကိုခဏထားပြီး မြန်မာသီချင်းတပုဒ်
အနေနဲ့တော့ ကျနော်လဲကြိုက်မိပါတယ် ။ ကော်ပီသီချင်းတွေနားထောင်
ရတာရိုးနေလို့ ဒီလိုကိုယ်ပိုင်သံစဉ်သီချင်းလေးတပုဒ်လောက် ထွက်လာတာ
(ကျနော် လက်လှမ်းမှီသလောက်တော့ ဒီသီချင်းက ကိုယ်ပိုင်သံစဉ်လို့ထင်တာပဲ
ကျနော်မှားနေလဲ ပြောပြပေးကြပါနော်) တော်တော်လေးကောင်းပါတယ် ။

သီချင်းလေးကို ကျနော်အောက်မှာဖေါ်ပြထားတဲ့ ဆိုဒ်ကနေတဆင့်သွားရောက်
နားဆင်နိုင်ပါတယ်။ သီချင်းစာသားလေးတွေပါ ဖေါ်ပြထားတဲ့အတွက် ဒီဆိုဒ်လေး
ကိုပါတခါထဲ ကြော်ငြာဝင်လိုက်ပါတယ် ။

http://www.yinkhonthanfm.com/myHBView/showfeeling.php?voltid=94&pstart=0&pend=10





ပထမရဲ့ နံပတ် ၁

ဒီနေ့ ဇွန်လ ၂၉ ရက် ၂၀၀၉ မှာ ဒီဘလော့လေးကိုစတင်ဖန်တီးပါတယ်။ ပြောချင်တဲ့ချစ်သူကို
သိပ်ချစ်တဲ့အကြောင်းတွေကို ဒီဘလော့လေးကတဆင့်ပြောပြချင်လို့ပါ။ တနေ့တာရုန်းကန်
လှုပ်ရှားနေရတဲ့ စင်္ကာပူရဲ့ လူနေမှုဘ၀ကနေ ဒီဘလော့လေးကတဆင့် ခင်မင်စရာ
ကောင်းတဲ့မိတ်ဆွေ သူငယ်ချင်းတွေရမယ်လို့လဲမျှော်လင့်ပါတယ်။

" အားလုံးကိုကျေးဇူးတင်ပါတယ် "